နီးအောင်ပင်လှမ်း

နိဗ္ဗာန်နန်းကို နီးအောင်ပင်လှမ်းစေဘွယ်၊ တရားသဘောနဲ့ စိတ်မှာစောတယ်၊
လောကမှာ စီးပွားရွှေငွေ မစစတွင်ကျယ်၊ ကျမကမခင်တွယ်၊
သံသရာပင်လယ်ကြော မမျောစေဘို့ရယ်၊ ကာမဘုံဆဲတမီး ဆီးကာတော့မယ်၊
ဘာဝနာကမ္မဠာန်းကိုလဲစီးဖြန်မယ်၊ တဒင်္ဂပဟန်ရယ်၊ စွဲမြဲပါတော့မယ်၊
ငါးပါး (ခန္ဓာရယ်၊ မှန်ပါတယ်၊ ခန္ဓာရယ် ပိုးမျိုးရှစ်ဆယ်) ၂ ၊ တွေးကာဆင်ခြင်မယ်၊
သံသရာထဲမ၀ဲချင်တယ်၊ နိဗ္ဗာန်နန်းမဂ်လမ်းကိုတက်လှမ်းမယ် ပျိုရည်ရွယ်၊
တကမ္ဘာလုံးရသမျှ ဇမ္ဗူမြေ တခွင်ဝယ်၊ မြင်မြင် လေသမျှတော့ အစဉ်မတည်တယ်၊
ပညာအခြေထားလို့ ဆင်ခြင်ကွယ်၊ သင်္ခါရတရားတော့ထင်မြင်မယ်၊
လောဘဒေါသ မောဟများကို မမှားအောင် ရှောင်မယ်၊
မကြည်အောင် ပျိုစကားကိုနားထောင်ပါကွယ်၊ ထူးမြတ်တဲ့ ငါးပါးအာရုံ အကုန်လုံးပယ်၊
အနိစ္စနဲ့ ဒုက္ခကိုကြံဆရွယ်၊ အနတ္တသဘောစောမိတယ်၊ ကြည်အောင်တကယ်၊
အော် လက္ခဏာရေး သုံးပါးကို ထင်မြင်တယ်။ ရက်တိုတိုနဲ့ မဂ်ဖိုလမ်းကို မြန်းထွက်ဖို့ရုန်းမယ်၊
သုံးဆဲ့တဘုံဝယ် ဆုံလည်ရတာ လွတ်မြောက်ကြောင်းပရယ်၊
(လောကီဈာန်ရဘွယ်မခင်မင်တယ်၊ သဘောအတည်ကြံဆရွယ်ထင်မြင်ဘွယ်၊
ဟောဒီ သံသရာနယ်၊ အမျိုးမျိုးစိတ်ရှုပ်ဖွယ်) ၂ ၊
အဟုတ်ကိုဘဲစိတ်ထဲကရယ် ကာမဂုဏ်တွေကိုဖယ်၊ နီးအောင်လှမ်း နိဗ္ဗာန်နန်းရိပ်လှုံမယ်၊
လောကီစည်းစိမ် ရေအိမ်သဖွယ်၊ မကောင်းမှု ဟူသမျှ ဖယ်ရှားကာရယ်၊ စိတ်ကကြံရွယ်၊
[ (ပျိုကြည်အောင်) ၂၊ (လောကဘောင်ဝယ်) ၂ ၊ သဘောကျရှောင်ဖယ်၊ မြန်းထွက်ဖို့ကြံရွယ်] ၂ ၊
အဟုတ်ကိုဘဲစိတ်ကရယ် ကမဂုဏ်တွေကိုဖယ်၊ နီးအောင်လှမ်းနိဗ္ဗာန်နန်းရိပ်လှုံမယ်၊
အော် သုံးဆဲ့တဘုံဝယ်၊ တွေ့ကြုံခံစားအဖန်ဖန်များလို့ (တရားကိုရှာ) ၂ ၊
မဂ္ဂင်ရထား အောင်ရတနာအလံနဲ့ နောင်အနာဂတဆယ့်တမီးဖြတ်ပါလို့ နိဗ္ဗာန်ခေါင်
ရွှေပြည်မြတ်ကို ပပ္ပေါမိ ရောက်ရပါလို၏အရှင်ဘုရား၊
(သံသရာနယ် ခရီးသွားဧည့်သည်တွေပုံနှယ်၊ သည်ညွံထဲက တ၀ဲလည်လည် မလွတ်နိုင်ကြတယ်၊
အရိမတ္တေယျမြတ်ဘုရားခေါ်လျှင် လိုက်နိုင်အောင်လဲ ကြိုးစားမယ်) ၂ ၊
ထူးမြတ်တဲ့ ငါးပါးအာရုံအကုန်လုံးပယ်၊ အနိစ္စနဲ့ဒုက္ခကိုကြံဆရွယ်၊ အနတ္တသဘော စောမိတယ်၊
ကြည်အောင်တကယ်၊ အော်လက္ခဏာရေးသုံးပါးကိုထင်မြင်တယ်။

မာတိကာ သို့ .....